မျက်လှည့်ပွဲ ၂

Thursday, October 22, 2009

မျက်လှည့်ပွဲတစ်ခုမှာ
မျက်လှည့်ဆရာဟာ သူ့ရဲ့ပုံးထဲကနေ
အရာရာကိုနှိုက်ထုတ်ပြနေတယ်…


ပိုက်ဆံတွေနှိုက်ထုတ်ပြတယ်
လက်ဝတ်ရတနာတွေ နှိုက်ထုတ်ပြတယ်
ဖဲကြိုးစတွေ နှိုက်ထုတ်ပြတယ်…



ခိုတွေ…
သီချင်းသံတွေ
ကချေသည်တွေဟာ
မျက်လှည့်ဆရာပုံးထဲကနေထွက်ပေါ်လာတာပေါ့..။


တစ်ခါတော့
ကော့ကေးဆပ်တောင်တန်းကြီးရယ်
စကော့ဝီစကီပုလင်းတွေရယ်
ဆိုက်ဘေးရီးယားကိုနယ်နှင်ဒဏ်ဝါကျတွေရယ်
မျက်လှည့်ဆရာကနှိုက်ထုတ်ပြဖူးတယ်…။


မဟာတံတိုင်းကြီးရယ်
မူယာမာယာမိုးရယ်
မျောက်မျက်နှာနဲ့မြင်းရယ်
အထီးမှန်းအမမှန်းမသိတဲ့ထီလက်မှတ်ရယ်
မျက်လှည့်ဆရာရဲ့ပုံးထဲက
ပေါ်ထွက်လာဖူးတယ်…


မျက်လှည့်ဆရာဟာသူ့ရဲ့ပုံးကို
သူလိုသမျှရအောင်
တီထွင်ဖော်စပ်ထားပုံနဲ့


မျက်လှည့်ဆရာဟာ
တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက်
သူရဲ့ပုံးထဲကနှိုက်ထုတ်ပြနေတုန်းပဲ…


သမ္မတဘုရှ် နဲ့ အကြမ်းဖက်ဝါဒလည်း
မျက်လှည့်ဆရာရဲ့ ပုံးထဲကထွက်လာသလို
ဒီမိုကရေစီနဲ့ အာဏာရှင်ဝါဒကလည်း
မျက်လှည့်ဆရာပုံးထဲကထွက်လာတယ်….။


မျက်လှည့်ဆရာဟာ
နန်းတော်တွေ အကျဉ်းထောင်တွေ
နစ်မြုတ်သွားတဲ့သဘောင်္ပျက်တွေ
ရတနာသိုက်တွေ
နှိုက်ထုတ်ပြရင်း
သူကိုယ်တိုင် မျက်စိလည်လာတယ်…။


နောက်ဆုံးတော့
မျက်လှည့်ဆရာပုံးထဲကနေ
ကောသလအိပ်မက်ဆယ့်ခြောက်ချက်တွေ
ကုသိုလ် အကုသိုလ်တရားတွေ
ငရဲဘုံတွေ ကောင်းကင်တံခါးဝတွေ
မျက်လှည့်ဆရာဟာ သူ့ပုံးကိုသူမယုံတော့ဘူး


စားကျက်မြက်ခင်းတွေ
တောင်ကတုံးတွေ
အနုမြူဗုံးတွေ
ရေခဲမြစ်တွေ
ပင်လယ်အပိုင်းအစတွေ
နှိုက်ထုတ်အပြီးမှာ
မျက်လှည့်ဆရာဟာသူ့ပုံးကို
အလန့်တကြားပိတ်လိုက်တယ်…


မျက်လှည့်ဆရာဟာ
သူ့ပုံးကြီးကိုပိုက်ပြီး
တလောကလုံးကိုပါတ်ပြေးနေတော့တာပဲ…


သူရဲ့ပုံးထဲကနေ သေခြင်းတရားက
တစက်စက်ယိုစီးကျလို့…


မျက်လှည့်ဆရာဟာ
ဆင်ခြင်တုံတရားနဲ့ သူ့ကိုယ်သူ
ပုံးထဲကနှိုက်မထုတ်ရသေးဘူး
အဲဒါကြောင့်
မျက်လှည့်ဆရာဟာ သူ့ကိုယ်သူမသိပဲ
လောကကြီးအနှံ့လျှောက်သွားနေတယ်
သူနောက်မှာသေခြင်းကတစက်စက်ယိုစီးကျလို့…။


လောကကြီးကတော့
မျက်လှည့်ဆရာကိုကော မျက်လှည့်ပွဲကိုပါ..
မျက်ခြေမပြတ်စောင့်ကြည့်လို့….။

မိုးလှိုင်ည

Labels:

4 comments:

  1. Anonymous says:

    ဒီမျက်လှည့်ပွဲကတော့ ကောင်းချက် ဗျာ...
    အရမ်းကြိုက်တယ်...

    mie nge

  2. pandora says:

    မျက်လှည့်ဆရာဟာ သူထုတ်လိုက်တဲ့အရာတွေကို သူကိုယ်တိုင် မယုံနိုင်တော့ဘူး
    လောကကြီးက သူ့ကို မျက်လှည့်ပြလိုက်တာ

  3. သနားစရာမျက်လှည့်စရာ...

  4. အင်းးးးးး ဒါဆို လောကကြီးက အကျွမ်းကျင်ဆုံး လှည့်စားတတ်တဲ့ မျက်လှည့်ဆရာပဲပေါ့နော်။