ရန်ကင်းစင်တာ အနောက်ဘက် ၂၀၀၄၊ Rock သီချင်းတွေနဲ့ကဖေးဆိုင်
Friday, July 17, 2009
ဝင်လိုက်တာနဲ့
ဘ၀လိုခါးသက်မယ့်
လက်ဘက်ရည်ကျစိမ့်တစ်ခွက်ရမယ်
Rock သီချင်းအပြင်းစားတွေရမယ်
ဆံရှည်ကိုယ်တော်တစ်ယောက်က
အဖျော်ဆရာ ပိုင်ရှင် စားပွဲထိုး
နံရံမှာ နည်းနည်းရွှဲ့နေတဲ့ ပန်းချီကားတစ်ချပ်
အင်စတော်လေးရှင် Art တချို့တွေ့မယ်
အဝေးကလှမ်းကြည့်ရင်
မှုန်ဝါးဝါးနဲ့ ကယ်လီဖိုးနီးယားကိုတွေ့လိုက်သလို
တစ်ခါတစ်ရံ
ဟိုတယ်ကယ်လီဖိုးနီးယားသီးချင်းသံနဲ့
မနက်ခင်းကိုတွေ့မယ်
ကျွန်တော်က
သစ္စာနီ နဲ့ အောင်ချိမ့်
ဗင်းဆင့်ဗန်ဂိုး နဲ့ ဂေါ်ဂင်
မြို့မငြိမ်းနဲ့ ပေါ်ဦးသက်
ပက်ဘလိုနီရူဒါ နဲ့ ပီကာဆို
မောင်ချောနွယ် နဲ့ သုခမိန်လှိုင်နဲ့
လူ့ဘ၀ရဲ့ အဓိပါယ်ကိုဆက်စပ်ကြည့်မိတုန်း
ပြည်မှာဆောင်းကို
ပြည်ကပြောင်းလာပြီးမှ နားထောင်မိတယ်
စူပါမားကတ်ကို နေ့တစ်နေ့ပြန်ရောင်းမယ့်
စတီးချိုင့်လေးကို ငေးရင်း
မှိုတက်နေတဲ့ ငွေကြေးတွေကို မုန်းမိတယ်
ကူးစက်ရောဂါလို အချစ်ကိုတော့
ကာကွယ်နိုင်စွမ်းမရှိခဲ့
လောင်ကျွမ်းခံဘ၀ထဲမှာ
အဲဒီမနက်ခင်းတွေဟာ ခပ်လွယ်လွယ်ပြီးဆုံးခဲ့
ရန်ကင်းစင်တာ အနောက်ဘက်လမ်းကလေးရေ
Rock သီချင်းတွေနဲ့ ကဖေးဆိုင်ဆီ
ပြန်လျှောက်မလာနိုင်ခဲ့တော့…
မလိုအပ်ပဲ ပျက်ခဲ့တဲ့ ကားတစ်စင်းလို
၂၀၀၄ကိုပဲ အပြစ်တင်မိခဲ့တယ် ။
မိုးလှိုင်ည
Labels: ကဗျာ


မိုးလှိုင်
ကဖေးဆိုင်လေထဲ ၀င်ထိုင်ခဲ့ပါတယ်
ကဖေးဆိုင်လေးထဲ
လွမ်းလွမ်းဆွေးဆွေး ရောက်ခဲ့တယ်အစ်ကို
ဆိုင်ထဲမှာ နေရာလွတ် မရှိတော့ဘူး ထင်ပါရဲ့...