မြူခိုးတွေ မဝေတော့ဘူး မကံ့ကော်..

ကျွန်တော်ငယ်ငယ်က ရေးခဲ့သလို.. ခံစားချက်တွေဘေးဖယ်ပြီး လိုက်လျောညီထွေနေတတ်

ခဲ့ရမှုတွေက ကျွန်တော်တို့ကို ပြန်လည် မမွေးဖွားပေးနိုင်တော့ဘူး မကံ့ကော်လည်း ဆောင်းနှောင်းတွေ

တစ်ခေတ်ပြီးတစ်ခေတ် ကျော်ခဲ့ပြီ.. ကလေးတွေလည်း ကြီးထွားလာကြပြီ

သစ်ပင်တွေလည်း မရှိကြတော့ဘူး.. မျော်လင့်ချက်က ရေကြည်မျက်နုရာအရှာထွက်.. အိပ်မက်တွေက ငယ်ငယ်က အိမ်ကျဉ်းကျဉ်းလေးမှာ အသက်ရှုကျပ်နေတုန်း.. မကံ့ကော်

အိမ်မပြန်ဖြစ်တဲ့ သက္ကရ်ဇ်တွေထဲ မကံ့ကော်ကို အသေအချာလွမ်းရဲခဲ့ပါတယ်…။

ဒါပေမယ်… မကံ့ကော်ရယ်….

ကမ္ဘာပျက်တဲ့ ဇာတ်ကားတွေ ခဏခဏကြည့်ရတယ်…

ကမ္ဘာပျက်မယ့် စာသားတွေ ခဏခဏဖတ်ရတယ်…

မကံ့ကော် ကျွန်တော် တို့ နှစ်ယောက် ကမ္ဘာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျက်ပြီးပြီ.။

ဘ၀ဟာ ရယ်စရာပဲနော်… ကျွန်တော်တို့ မရယ်မောဖြစ်ခဲ့ပါဘူး..။

မြူခိုးတွေ မဝေတော့ဘူး မကံ့ကော် လေတိုက်နှုန်းတွေလည်း ပိုပြင်းထန်တယ်…။

ကျွန်တော့် ရင်ခုန်သံနဲ့ ဟောဒီကမ္ဘာကြီးများ ချိတ်ဆက် ထားသလားလို့..

အရင်လိုတော့ မကံ့ကော်ကို လွမ်းနေတယ်..။


မိုးလှိုင်ည

Continue..

Filed Under:


စိန်ပန်းတွေ အတုံးအရုံး
ကားဟွန်းသံတွေ အလဲလဲအကွဲကွဲနဲ့ 
စီးထားတဲ့ဖိနပ်က ကင်ဆာရောဂါအမြစ်တွယ်လာတယ်။


ရောမရောက်ရင် ရောမလိုကျင့်ရမယ်
ရန်ကုန်ရောက်ရင် ရန်ကုန်လိုကျင့်ရမယ်
တစ်ခါသုံးဘာသာဗေဒ၊
တစ်ခါသုံးဆေးထိုးအပ်၊
တစ်ခါသုံးချစ်မေတ္တာ၊
တကယ်ဆို ကားကြားယာဉ်ကြားမှာ
မြို့ ပြရဲ့ အသည်းကွဲခြင်းဓလေ့က
မီးတောက်အရက်လောက် မပြင်းဘူး။


မိန်းမလှလေးတွေ စိတ်ကောက်တာ
သိပ်ကြောက်ဖို့ ကောင်းတယ်။


ပလက်ဖေါင်းဘေးက ကဖီးဆိုင်လေးထဲမှာ
အခြေခံလူတန်းစားကို ကိုယ်စားပြုတဲ့
ရေနွေးကရားလေး ငိုင်လို့ ၊
လမ်းတွေအုပ်စုဖွဲ့ ပျံနေကြတဲ့ နယ်မြေဟာ
လူငယ်တစ်ယောက်ရဲ့ ဗီဇကို
ဓါတုဆိုးဆေးတွေနဲ့  ပြုစားတယ်။


ကိုယ်က
၄၈ ဘတ်စ်ကားတိုးစီးတဲ့
ရေကြောင်းအင်ဂျင်နီယာကျောင်းသား၊
အမှားလက္ခဏာတွေကို လွယ်အိတ်ထဲထည့်ထားတဲ့လူ။


သူမက
နောက်ဆုံးပေါ်ကားနဲ့ 
ကျောင်းသွားတဲ့ မင်းကြိုက်စိုးကြိုက်။


ငွေကြေးရဲ့ လိုအပ်ချက်က
လူငယ်ဘ၀ရဲ့ အိပ်မက်ကို
ကားနဲ့ တိုက်သတ်သလိုပဲ။


ဆလိုက်မီးတွေက
ကာလာစုံခြယ်ထားတဲ့ ခြေသည်းလှလှလေးတွေလို
မြို့ ပြရဲ့ ပြူတင်းကို ကိုယ်စားပြုတယ်။


တကယ်ဆို
သံယောဇဉ်ထူထူထဲထဲနဲ့ 
ဂျင်းဘောင်းဘီဝတ်ရတာ အဆင်မပြေလှဘူး၊
နိယာမဆိုတာ
ကွန်ကရစ်လမ်းမကြီးလောက်မှ
မဖြောင့်ဖြူးတာ။


မိန်းမလှလေးတွေ
စိတ်ကောက်ရင် သိပ်ကြောက်ဖို့ ကောင်းတယ်၊
နောက်နောင်
ညနက်နက်ထဲ ပိတ်မိပြီး မမှောင်ရအောင်
အိပ်ဆေးတစ်ထုပ်ဆောင်ထားတော့မယ်။


ကားကြား ယာဉ်ကြားထဲ
အတိတ်နဲ့ လူနဲ့ လည်း မကွဲလှပါဘူး။

Continue..

Filed Under:


အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။

မိုးလှိုင်ည

Continue..

Filed Under:


နေတွေ တစ်စင်းပြီးတစ်စင်း
ကျွန်တော့်ခေါင်းပေါ်က ဖြတ်ပျံသွားကြတယ်
လမ်းမှားတဲ့မြေပုံနဲ့တော့
ကောင်းကင်မှာ လက်လက်ထနေတဲ့
ကြယ်တွေကို ရမှာမဟုတ်ဘူး
အရှုးအမှုး ထွန်ယက်ဖူးတဲ့ ကန္တာရတစ်ခင်းကို
ရေမလောင်း ပေါင်းမသင်နဲ့
ကိုယ့်ကိုကိုယ်လည်း မပြုပြင်ချင်တော့
လမ်းဟောင်းတွေ ဗွက်ထနေလို့
ကံတရားကို အယုံအကြည်မဲ့ပေမယ့်
ဆူးခြုံတွေရှိတဲ့လမ်းက သွားရတော့မယ်
ဘ၀က အရာရာနောက်ကျပြီးသားလေ
ပန်းတိုင်ကို ပျပျလေး မြင်ရပြီးတဲ့နောက်
ဝေဒနာသိပေမဲ့ ဆေးမှားစားခဲ့မိပြန်ပြီ
ကျွမ်းတမြေ့မြေ့ တက်တခေါက်ခေါက်
အခုမှတော့ မကြောက်ပါဘူး…။


မိုးလှိုင်ည

Continue..

Filed Under: